Tuesday, April 21, 2020

အင်းတော်ကြီးဒေသသို့ အလည်တစ်ခေါက်၊ နွေတစ်ရက်၏ ကျေနပ်ခြင်းများစွာ




``နွေတစ်ရက်၏ ကျေနပ်ခြင်းများစွာ´´



















သင်္ကြန်အချိန်အခါနီး၍ ခရီးထွက်ရန်ပြင်ဆင်ကာမနောမြေအရပ် အင်းတော်ကြီးအိုင်
ကမ်းတစ်ဖက်ဆီကဖွံ့ဖြိုးဆဲကျေးလက်ရွာကလေးတစ်ရွာသို့ အလည်တစ်ခေါက်သွားရောက်လေ့လာရန် စာရေးသူခရီးထွက်ခဲ့သည်။ အင်းတော်ကြီးအိုင်တစ်ဖက် ဖွံ့ဖြိုးလျက်စည်ကားနေသောထိုရွာကလေးတွင်နေထိုင်ကြသောတပည့်များနှင့်ဆက်သွယ်ကာရောက်ရှိခဲ့ရသည်။ မည်သို့သောအကြောင်းအရင်းကြောင့် တပည့်များနှင့်ဆုံဖြစ်ကြသည်ကိုလည်းပြောရပေဦးမည်။ လွန်ခဲ့သောနှစ်ကစာရေးသူ၏ဆရာဖွင့်လှစ်သော နွေရာသီအင်္ဂလိပ်စာနှင့်ကွန်ပျူတာသင်တန်းဖွင့်စဉ်ကဆရာအဖြစ်ဝင်ရောက်သင်ကြားရင်းကစာရေးသူအတွက် လိမ္မာထက်မြတ်သောတပည့်လေးများရရှိခဲ့ရသည်။ ဖွံ့ဖြိုးနေဆဲမနောမြေထဲကရွာကလေးသို့စတင်ရောက်ရှိစဉ် ယခင်နှစ်ကအင်းတော်ကြီးအိုင်တော်၏ ညနေဆည်းဆာနေဝင်အလှသဘာဝ၏ ဖမ်းစားလိုက်လေသလား ၊ ထိုကျေးလက်ရွာကလေးမှာနေထိုင်ကြသောကျေးလက်နေရွာသူရွာသားများ၏ ပျူငှာဖော်ရွေမှုများကြောင့်လား ၊ တပည့်များ၏ အလိုက်သိမှုများကြောင့်လားစာရေးသူအကြိမ်ကြိမ်အခါခါ စဉ်းစားဖူးသည်။
အင်းတော်ကြီးအိုင်တစ်ဖက်ကမ်းမှမြင်ရသောညနေဆည်းဆာသည် တောင်တန်းကြီး၏အထက်ပေါ်မှ နီမြန်းသောနေလုံးကြီး၏ သက်ဆင်းသွားပုံမှာ ပြည်တန်ပတ္တမြားကြီး
တောင်ထိပ်ပေါ်၌ တင်ထားသကဲ့သို့ စာရေးသူမြင်မိရာမှ ဆည်းဆာအလှကညှို့ယူဖမ်းစားလေဟန်တူ
သည်။ တောင်းတန်းတို့အလီလီယှက်သန်းနေသောအင်းတော်ကြီးအိုင်၏ နေရီရီညနေချမ်းမှာထိုကျေးလက်ရွာလေး၏ လမ်းကလေးကလည်းစာရေးသူကိုဖမ်းစားလေဟန်တူသည်။ အနောက်အရပ် တောင်စွယ်မှနေကွယ်ချိန်ကစာရေးသူအတွက် သင်္ခါဆီသို့ ဦးတည်လျက်လမ်းပြနေပေသည်။ အင်းပြင်ကျယ်နှင့် ရွာအဝင်လမ်းဒီဆိပ်ကမ်းလေးကစာရေးသူအတွက် အလွမ်းဓာတ်ဖြန်းပက်လိုက်လေသလားမကွဲပြားတော့ပြီ။ ထိုရွာကလေးမှာနေထိုင်ကြသောရွာသူရွာသားများသည်လည်း ပျူငှာဖော်ရွေဆက်ဆံပုံစရိုက်လက္ခဏာများမှာချစ်စရာမနောမြေဓလေ့
တကယ်တွေ့ခဲ့ရသောကြောင့် ယခင်နှစ်ကအဖြစ်အပျက်တို့ကိုမေ့ရခက်တော့သည်။ လိမ္မာထက်မြတ် အလိုက်သိတတ်သောတပည့်များ၏ တာဝန်သိမှုတွေကြောင့် ဒီရွာလမ်းဒီရွာ၏ဆိပ်ကမ်းလေးကိုစာရေးသူအမြဲတမ်းလွမ်းနေမိသည်။ ဒီရွာသူ ၊ ဒီရွာသား၊ ဒီရွာမှတပည့်လေးများနှင့်သင်္ခါရကိုညွှန်ပြ ဆိပ်ကမ်း၏သဘာဝကပင်လယ်ပြင်ထက်လှနေသောကြောင့် စာရေးသူအဖို့ နောက်တစ်ခေါက် ရောက်လာခဲ့ရသည်မှာအဆန်းမဟုတ်တော့ပြီ။
စာရေးသူတို့ အင်းတော်ကြီးအိုင်မှာရှိသောဘုရားဖူးရန်နှင့်အထင်ကရနေရာများလေ့လာရန် ထိုကျေးလက်ရွာကလေးမှစက်လှေဖြင့် နံနက်စောစောထွက်လာခဲ့သည်။ စက်လှေပေါ်တွင် လိုက်ပါစီးနင်လာသောတပည့်ကလေးများနှင့် ကျောင်းသားကျောင်းသူဆရာဆရာမများပါဝင်သည်။
အားလုံးသောသူတို့သည် ပျူငှာဖော်ရွေကြသည်။ စာရေးသူတို့အင်းတော်ကြီးအိုင်အနီးအထင်ကရရှိသောရွှေတောင်သို့ ဦးစွာခရီးနှင်ခဲ့သည်။ ရေပြင်ကျယ်ကြီးတစ်လျှောက် ခုတ်မောင်းနေသောစက်လှေသည် နာရီဝက်ခန့်ကြာသည်အထိပင် ရွှေတောင်သို့မရောက်သေးချေ။ တစ်နာရီခန့်ကြာမှ ရွှေတောင်သို့ရောက်ရှိခဲ့သည်။ တောင်ပေါ်သို့ အတက်လမ်းတို့သည် မညီမညာသော်လည်းသာယာလှပေသည်။ အချို့သောနေရာများတွင် ကျောက်တုံးများပေါ်နေပြီး
သဘာဝတရား၏ ထူးခြားမှု၊လှပမှုတို့ကိုဖော်ပြနေသည်။လမ်းဘေးဝဲယာတွင် တောပန်းများဖြင့် သာယာလှပနေသည်။ တောင်ပေါ်သို့တက်ရန် အားတင်းပြီးတက်ရသည်။ လမ်းတစ်လျှောက်တွင် သင်ပေါင်းပင်များရှိနေသည်။ သင်ပေါင်းသီးများလဲအခိုင်လိုက်၊အပြွက်လိုက် လှပစွာသီးပွင့်နေပေသည်။ စာရေးသူတို့ သင်ပေါင်းသီးများကိုခူးစားရင်းရွှေတောင်ဟုခေါ်သောတောင်ပေါ်သို့ အရောက်တက်ခဲ့ကြသည်။ တောင်ပေါ်မှာရှိသောဘုန်းကြီးကျောင်းမှ ဆရာတော်ဘုရားကြီးအားရိုသေစွာဂါရဝပြုကြရာဆရာတော်မှ ငှက်ပျောသီးများ၊မုန့်များ၊ကော်ဖီများ
စွန့်ကြဲသောအခါ မောပန်းနွမ်းလျနေသောစာရေးသူတို့အဖို့ အာဟာရဖြစ်စေသည်။ ဆရာတော်မှ
စွန့်ကြဲသောအာဟာရများသုံးဆောင်ပြီးရွှေတောင်ပေါ်မှာရှိသောစေတီပုထိုးများကိုဖူးမျှော်ခဲ့သည်။
ကျောင်းသူ/ကျောင်းများနှင့် ဆရာ/ဆရာမများပျော်ပျော်ရွှင်ရွှင် ကြည်လင်သောစိတ်တို့ဖြင့် ဘုရာဖူးပြီး
ရွှေတောင်ပေါ်မှ အင်းတော်ကြီးအိုင်၏ ရှုခင်းကြည့်ရင်းအနားယူကြသည်။ တောင်တန်းတစ်လျှောက်လုံးတောပန်းရနံ့တို့ဖြင့် သင်းပျံ့နေသည်။ လမ်းဘေးဝဲယာတွင် တောပန်းကလေးများပွင့်နေသည်ကို မြင်ရသောကြောင့် စာရေးသူအမိအရခူးယူခဲ့သည်။ ပန်းခတ်ကိုပိုက်ရင်းဇာတ်မင်းသားကိုဝင်းနောင် သရုပ်ဆောင်ထားသကဲ့သို့ တပင်တိုင်မင်းသားကျွန်တော်ဆိုသောသီချင်းကိုသတိရမိသည်။ စာရေးသူကပဲကိုဝင်းနောင်၏ အမူအရာနှင့် တူလေသလားထင်ယောင်မှားနေကြမည်မှာဧကန်ပင်ဖြစ်သည်။ သို့မဟုတ် တပင်တိုင်မင်းသားကိုဝင်းနောင်နှင့်တူနေသလားတွေးမိသည်။ သီချင်းထဲမှာတော့ ကိုဝင်းနောင်ကြီးကပန်းစည်းကိုပွေ့လို့ပေါ့။ အပြင်မှာစာရေးသူကတော့ ရွှေတောင်ပေါ်ကလမ်းဘေးဝဲယာမှာပွင့်နေသောတောပန်းကိုခူးကာရင်ခွင်မှာပိုက် ဇာတ်မင်းသားကိုဝင်းနောင်ဂိုဏ် ပေါက်နေဟန်တူသည်။ စာရေးသူနှင့်အတူဘုရားဖူးကြသောဆရာ /ဆရာမများ၊ကျောင်းသား/ကျောင်းသူများသည် စားရေးသူကိုကြည့်ကာပီတိလွှမ်းလျက် အပြုံးပန်းတို့ဖြင့်ကြည်။ စာရေးသူလည်းသတိထားမိသည်။ ထိုသူတို့အကြည့်မှာဇာတ်မင်းသားကိုဝင်းနောင်၏ တပင်တိုင်အချစ်နှင့် မတူတမူထူးခြားနေသောကြောင့် ဖြစ်လိမ့်မည်။ တကယ့်လက်တွေ့ဘဝမှာတော့ ဇာတ်မင်းသားကိုဝင်းနောင်ကသရုပ်ဆောင်ယုံမျှသာဖြစ်ပါသည်။ စာရေးသူမှာတော့ မကြင်နာ၍ တမင်တကာသူပြစ်သွားသောတပင်တိုင်မင်းသားစစ်စစ် ဘဝဆက်တိုင်းကျန်ရစ်အစွန့်ခံမဖြစ်ရလေအောင် စိန္တေဘုရား(ရွှေတောင်ဘုရား)မှာတောပန်းတို့ဖြင့် ကပ်လှူပူဇော်ကာဆုတောင်းလိုက်ချင်မိသည်ကိုစာရေးသူနှင့်အတူဘုရားဖူးလာကြသောဆရာ/ဆရာမများ၊ကျောင်းသား/ ကျောင်းသူများသိကြလိမ့်မည် မဟုတ်ပေ။ စာရေးသူတို့တောင်ပေါ်မှဆင်းလာကာစက်လှေပေါ်သို့တက်ကြပြီ။ နှီးဘုရားရှိရာအရပ်ဆီသို့ အင်းတော်ကြီးအိုင်ရေပြင်ကျယ်မှာစက်လှေကိုစီးပျော်ပျော်ကြီးခရီးနှင်ခဲ့ကြပါပြီ။
စက်လှေကိုစီးရေပြင်ကြီးတစ်လျှောက်မှာခုတ်မောင်းလာကာခရီးနှင်ခဲ့သောစာရေးသူတို့ဘုရားဖူးအဖွဲ့ နှီးဘုရားရှိရာဆိပ်ကမ်းသို့ရောက်ရှိခဲ့ပြီး နှီးဘုရားဖူးကြသည်။ နှီးဘုရားကြီး၏ဗိမာန်အဝင်ဝအတွင် ဇီဇဝါပန်းပင်များ၊တရုတ်စကားပန်းပင်များနှင့် အခြားသောပန်းပင်များစိုက်ပျိုးထားရာပန်းရနံ့များကြိုင်လှိုင်ထုံသင်းနေသည်။ သဘာဝကိုပကာသနထက်မြတ်နိုးတန်ဖိုးထားသောစာရေးသူအဖို့မှာတော့ ပန်းရနံ့တို့သည်ပင် သူတို့အနားသို့ မရောက်ရောက်အောင် သင်းပျံ့သောရနံ့ဖြင့် ဖမ်းစားနေရုံမျှမကပန်းပွင့်တို့ကလဲဝေဆာနေသည်။
ဖြူစင်ပဝင်းပုလဲရောင်အဆင်းများကဲ့သို့တောက်ပနေသောဇီဇဝါပန်းများကလဲစွဲမက်အောင်လှပနေချေပြီ။ စာရေးသူလဲဇီဇဝါပန်းပွင့်တို့အနားသို့ကပ် မြက်ခင်းပြင်ထက်မှာဓာတ်ပုံတွေတစ်ဖျပ်ဖျပ်ရိုက်ပါတော့တယ်။ ဘုရားဖူးရင်းဓာတ်ပုံတွေရိုက်အပြီးဘုရားဝန်းအတွင်းဈေးဆိုင်မှ ပြောင်းဖူးပေါက်ပေါက်ပွင့်ဘူးများကိုဇင်ယော်ငှက်ကလေးများအတွက် ဝယ်လိုက်သည်။ ထိုအခါမှာတော့ မြတ်နိုးခြင်း၏နိဒါန်း (၁/၂)ကိုရေးသားရန်ဖြစ်စေခဲ့သောတပည့်တစ်ယောက်ကသွက်လက်ထက်မြတ်သောသူ့၏ပင်ကိုစိတ်ရင်း၏ စေခိုင်း၍သာမနေသာသောကြောင့် မေးခွန်းထုတ်လေပြီး။ ‘ဒီလောက်အများကြီးဘာလို့ဝယ်တာလဲဆရာ’ ဆိုသောစကားနှင့်တစ်စပ်တည်းမှာပင် သူပြောသောစကားတစ်ခွန်းမှာ ‘ဇင်ယော်ဖြစ်ချင်တာ’ဆိုသောစကားတစ်ခွန်းပင်ဖြစ်သည်။ ဖြူစင်သောဇင်ယောငှက်ကလေးများ၏ ဖြူစင်ရိုးသားအများတကာကိုအန္တရာယ်မပြုပဲချစ်စရာကောင်းအောင်လှပမှု၊အသံသာမှုတို့ကိုစာရေးသူလွန်စွာသဘောကျနှစ်သက်သည်။ ဖြူစင်သောသူမ၏ စိတ်နှလုံးနှင့် အဖြူရောင်အင်္ကျီဝတ်ထားသောသူမသည်ပင် အမှန်တကယ် ဇင်ယော်ငှက်ကလေးပါပင်။ သူမကိုယ်တိုင်ကပင် ဇင်ယော်ငှက်ကလေးကဲ့သို့ ဖြူစင်သောစိတ်နှလုံးအဆင်းသဏ္ဍာန် ဇင်ယော်ငှက်ဟန်ဖြင့် လှပနေပေသည်။ စာရေးသူလဲသူမနှင့် စကားပြောရင်းကပင် ကဗျာစာသားကာရန်တို့ ဖွဲ့စပ်ရေရွတ်နေမိသည်။ စိတ်ထဲမှရွတ်ရင်း နှုတ်မှထွက်လာသောစာရေးသူ၏ အသံသည် ‘ဇင်ယော်တွေကိုငေး ၊ ဟိုအဝေးတိမ်ပန်းချီ ၊ အလီလီယှက်သန်း ၊ ဒီခရီးမှတ်တမ်း ၊ အမြဲတမ်းလွမ်းနေပါမည် ၊ ယနေ့မှသည် ၊ နောင်….ထာဝရဆီသို့ ..’ ဟူသောအသံဖြင့် ကဗျာစပ်နေမိပြီ။ ကဗျာလည်းဖြစ်ခဲ့ရပြီ။ ထာဝရလဲဖြစ်ခဲ့ရသည်။ ထိုသို့ရေရွတ်နေရင်းမှာပင် သင်္ကြန်ရေပက်နေသောကလေးတစ်စုရေပက်ရန်စောင့်နေကြသည်နှင့် ပက်ပင်းတိုးလေပြီ။ စာရေးသူတို့ သင်္ကြန်ရေအနည်းငယ်စိုပါတော့သည်။
ထို့နောက်စက်လှေကိုစီးခရီးနှင်ခဲ့ရာစာရေးသူတို့ မုဆိုးမ(ဒေါ်မုံ)ခြေရာနှင့် ဒေါ်မုံရေဘေးရှောင်ခဲ့သောတောင်ခြေသို့ရောက်ရှိခဲ့သည်။ ဒေါ်မုံ၏ခြေရာနှင့် သူမဆွဲလာခဲ့သော ကျွဲခြေရာတို့မှာယနေ့တိုင်အထင်အရှားရှိနေသည်ကိုလေ့လာတွေ့ရှိရသည်။ ဟိုရှေးယခင်ရေမဝင်မှီကအင်းတော်ကြီးအိုင်အတွင်း၌ ‘စည်ခမ်း’ဟူသောအမည်ဖြင့် စည်ကားသာယာလှသော မြို့တစ်မြို့ရှိခဲ့သည်ကိုလဲလေ့လာမှတ်သားခဲ့ရသည်။ ရေများဖုံးလွှမ်းတော့မည့်အရေးရေဘေးကိုဒေါ်မုံမည်သို့ပင်ပြောပါသော်လည်းမည်သူတစ်ဦးတစ်ယောက်ကမှ မယုံကြည်ခဲ့ကြသောကြောင့် မြို့နေပြည်သူလူအများအိုးအိမ်များစွာရေပြင်ကြီးအောက်နစ်မြုပ်ကာပျောက်ကွယ်ခဲ့ရကြောင်းကိုလည်းမှတ်သားသိရှိခဲ့ရသည်။
မုဆိုးမခြေရာမှပြန်၍ စက်လှေပေါ်တက်ကာရွှေမဉ္ဖူဘုရားရှိရာအရပ်သို့ခရီးနှင်ရင်းဒေါ်မုံတည်ထားကိုးကွယ်ခဲ့သောစေတီတော်ကိုစက်လှေပေါ်မှ စာရေးသူတို့ဖူးမျှော်ခဲ့ကြသည်။ စက်လှေကိုစီးရေပြင်ကြီးတစ်လျှောက်ဖြတ်သန်းလာခဲ့သောစာရေးသူတို့ ရွှေမဉ္ဇူရေလယ်ဘုရားသို့ ရောက်ရှိခဲ့ပါပြီ။ ရေလယ်ဘုရားကိုတစ်ပတ်ပတ်ကာစက်လှေကိုဆိပ်ကမ်းသို့ကပ်ပြီးဘုရားရင်ပြင်ပေါ်သို့ ဘုရားဖူးရန်နှင့် ဇင်ယော်ငှက်ကလေးများကိုအစာကျွေးရန်အလို့ငှာတက်ရောက်ခဲ့ကြသည်။ မဟာသင်္ကြန်ရက်မို့ ဘုရားဖူးပြည်သူများဖြင့် ရွှေမဉ္ဇူဘုရားရင်ပြင်တွင် ဘုရားဖူးများဖြင့် ပြည့်နက်နေပေသည်။ လမ်းဘေးဝဲယာဈေးဆိုင်များမှာလည်းအမှတ်တရပစ္စည်းများရောင်းချနေကြသည်။ ဘုရားဖူးလာကြသော ပြည်သူများ၏ကားတန်းများမှာလည်းမဟာရန်ကုန်ရွှေမြို့တော်ကြီးနီးနီးမော်တော်ကားယာဉ်များစီတန်းလျက် ဝင်ထွက်မပြက် စည်ကားလျက်ရှိနေပါသည်။ စာရေးသူတို့ မောင်းဘုရားရှိရာသို့ခြေလျင်ခရီးဖြင့်သွားရောက်ကာဘုရားဖူးမျှော်ခဲ့ကြပြီး ဖွံ့ဖြိုးနေဆဲဖြစ်သောကျေးလက်ရွာကလေးဆီသို့ ရေယာဉ်ကိုစီးခရီးနှင်ခဲ့ကြသောအချိန်သည် နေ့ သုံးနာရီကျော်နေပါပြီ။
ဇင်ယော်ငှက်တို့အတွက် ရည်မှန်းကာဝယ်လာခဲ့သောပေါက်ပေါက်ဘူးတို့သည် ကြင်ဖော်မဝေးတဲ့ဇင်ယော်ကလေးတို့၏ စိမ်းကားမှုကြောင့် စာရေးသူမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ ဇင်ယောငှက်လေးများနှင့် မဆုံဆည်းဘဲနားလည်မှုအလွဲကြီးလွဲခဲ့ရပြီ။ ကြင်ဖော်မဝေးတဲ့ ဇင်ယော်ကလေးများက ကျွန်ုပ်မျှော်လင့်ချက်၊ခံစားချက်တို့ကိုနားမလည်းကြဘဲ လျှစ်လျှူရှုသွားကြပြီ။ စာရေးသူမျှော်လင့်သမျှ ဖော်ပြစရာမရှိဘဲအလွဲနှင့်ကြုံခဲ့ရပြီ။ ဟို…အဝေးဆီတိမ်အလီလီမိုးသားအောက်ဆီမှာ ပြာလဲ့လဲ့ရေပြင်ထက် ကမ်းတစ်ဖက်အခြေဇင်ယော်ငှက်ကလေးတွေကို မြင်နေရပေမယ့် စာရေးသူ၏အသံဟန်ပန်တို့ကိုဇင်ယော်တို့ မသိကြမမြင်ကြတော့ပြီး။ ဇင်ယော်တို့အတွက် နှလုံးသားမှ ``လွဲ´´ ဟူသောကဗျာငယ်လေးလျှံထွက်လာခဲ့ပြီ။
``ဇင်ယော်ထိုငှက်
ခံစားချက်ကို
ငဲ့ကွက်မပြု
လျှစ်လျှူရှုကာ
ဘယ်သူ့ကြောင့်များ
သူစိမ်းကားသည်
မျှော်ထားသမျှ
လွဲခဲ့ရပေါ့´´ဟူ၍ ရေရွတ်မိသည်။
 သို့သော်လည်းစာရေးသူကျေနပ်မိပါပြီ။ ဇင်ယော်ငှက်ကလေး ဖြစ်ချင်သူလည်းဇင်ယော်ငှက်ကလေးဖြစ်ရပြီ။ ဇင်ယော်မဖြစ်ချင်သူများလည်းဇင်ယော်လုပ်ကာချိုမြသောပေါက်ပေါက်တို့ကိုစားရင်းအပြန်ခရီးစက်လှေကြီးပေါ်မှာသူ့ထက်ငါအတာရေပက်ဖြန်းကြသည်။ အတာရေပက်ဖြန်းရန် အင်းတော်ကြီးအိုင်ရေပြင်ကြီးမှ ရေများဖြင့် အဆင်သင့်ဖြစ်နေသည်။ သင်္ကြန်ရေအတွက် ရေစက်ဖြင့်ရေစုတ်ယူပြီးပိုက်နှင့်သွယ်ယူရန်မလိုတော့ပြီ။ ရေပြင်ကျယ်တစ်လျှောက်လုံးအတာရေများပက်ဖြန်းကာဖြင့် စာရေးသူတို့ ဆိပ်ကမ်းအနီးရောက်ရှိခဲ့ပါပြီ။ ဆိပ်ကမ်းနှင့် မီတာသုံးရာခန့်အကွာတွင် စက်လှေကိုလုံးဝရပ်ပြစ်လိုက်သည်။ စာရေးသူတို့ ဆိပ်ကမ်းအနီးရေပြင်မှာပင် သင်္ကြန်ရေကစားကြသည်။ စာရေးသူအဖို့ ယခုကဲ့သို့ အတာရေပက်ဖြန်းကာရေကစားရသောပျော်ရွှင်မှုနှင့် ဝေးကွာခဲ့ရသည်မှာခုနစ်နှစ်ကာလမျှရှိခဲ့လေပြီ။ အင်းတော်ကြီးအိုင် ရေပြင်ကျယ်အတွင်းနံနက်ချိန်ခါအရှေ့အရပ် တောင်မဟာထက်ရောင်နေဖြာထွက်ချိန်မှသည် နေဝင်ဆည်းဆာအချိန်အထိရောက်ရှိခဲ့သည်။ ဘုရားဖူးအပြီးအင်းတော်ကြီးအိုင်အတွင်းအတာရေပက်ဖြန်းရင်းကုန်ဆုံးခဲ့သောညနေဆည်းဆာသည် စာရေးသူအတွက် ချမ်းခိုက်ခိုက်တုန် ရွှေရင်မှာဒိတ်ဒိတ်ခုန်ကာပီတိဖြာလျက် ‘နွေတစ်ရက်၏ ကျေနပ်ခြင်းများစွာ’ ကြုံတွေ့ခဲ့ရသောနေ့တစ်နေ့ဖြစ်တော့သည်။

လေးစားစွာဖြင့်
တက္ကသိုလ် မောင်လေးနက်

No comments:

Post a Comment

Covid-19 ရောဂါကူးစက်မှု မြင့်တက်လျက်ရှိသောမြန်မာနိုင်ငံ အခြေအနေအပေါ် ISP Myanmar နှင့် ဂလိုဘယ် ငြိမ်းချမ်းရေးခရီးသည်တို့၏ သုံးသပ်ချက် ...