Thursday, April 30, 2020

Covid-19 ရောဂါကူးစက်မှု မြင့်တက်လျက်ရှိသောမြန်မာနိုင်ငံ အခြေအနေအပေါ် ISP Myanmar နှင့်
ဂလိုဘယ် ငြိမ်းချမ်းရေးခရီးသည်တို့၏ သုံးသပ်ချက်


ဧပြီ ၁၃၊ တနင်္လာနေ့။
IBEC ဆရာတော် - ကြိုဆိုပါတယ် ဒကာတော်ရေ။
ကိုနေထွန်းနိုင်(ISP Myanmar) - ဆရာတော် ဦးတင်ပါတယ်ဘုရား ၊ တပည့်တော် ကိုနေထွန်းနိုင်ပါဘုရား ၊ ISP Myanmar ကပါဘုရား။
IBEC ဆရာတော် - ဟုတ်ကဲ့ ISP Myanmar က ကိုနေထွန်းနိုင် အမိန့်ရှိပါ။
ကိုနေထွန်းနိုင်(ISP Myanmar) - တင်ပါ့ဘုရား ဦးတင်ပါတယ်ဘုရား အရင်ဆုံးအနေနဲ့ တပည့်တော် အဓိကသိလိုတာကတော့ ဒီCovid-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ ရဟန်းရှင်လူပြည်သူတွေ တွေ့ကြုံနေရသော တွေ့ကြုံလာနိုင်သော အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့မှ ဆရာတော်ရဲ့ အမြင်နဲ့သုံးသပ်ချက်တွေကို သိလိုပါတယ်ဘုရား။ တပည့်တော်အနေနဲ့ မူဝါဒရေးရာလုပ်ကြတဲ့သူတွေ စဉ်းစားလို့ရအောင်ဆိုပြီးတော့မှ ဆရာတော်ကို မေးခွန်း(၃)ခုလောက် မေးခွင့်ပြုပါဘုရား။
ပထမဦးဆုံးမေးခွန်းကတော့- တပည့်တော်တို့ လက်ရှိသံဃာ့အဖွဲ့အစည်းတွေမှာဆိုရင် ဒီကပ်ဘေးကြီးဖြစ်လို့ ပိုဆိုးတာပေါ့နော်... (Donation) တွေဆို ရပ်လိုက်ရတာတွေရှိမယ်။ တစ်ချိန်ထဲမှာဘဲ သံဃာ့အဖွဲ့အစည်း ဆိုတာကလည်း (Preparation) ကောင်းတဲ့အဖွဲ့အစည်းတွေဖြစ်တယ်။ လက်ရှိဖြစ်နေတဲ့ အခက်အခဲတွေကို ကျော်လွှားတဲ့နေရာမှာ အထောက်အကူဖြစ်အောင်လို့ ဆရာတော်တို့အနေနဲ့ လက်ရှိဘယ်လို ကျော်ဖြတ်နေလဲဆိုတာရယ်??? နောက်တစ်ခုက တစ်ခြားရော သံဃာ့အဖွဲ့အစည်းတွေကနေ ဘယ်လို ပံ့ပိုးကူညီမှုတွေ လုပ်ပေးတာတွေရှိလဲဆိုတာ အရင်ဆုံးသိလိုပါတယ်အရှင်ဘုရား။
 (IBEC ဆရာတော်)
ဟုတ်ကဲ့ ဒကာကြီးရေ ဒကာကြီးရဲ့မေးခွန်းက လက်ရှိ Covid-19 နဲ့ပတ်သက်ပြီးတော့မှ သံဃာ့အဖွဲ့အစည်းရဲ့ ကြုံတွေ့နေရတဲ့ Challenges တွေရယ်၊ နောက်ပြီးတော့ ဒီဟာတွေကို ဘယ်လို Overcome လုပ်သလဲ၊ Community ကို ဘယ်လို Service တွေပေးသလဲဆိုတဲ့အပိုင်းကို မေးတယ်လို့ ဦးဇင်းထင်ပါတယ်။
အဲ့တော့ သံဃာ့အဖွဲ့အစည်းဆိုတာ မြန်မာပြည်မှာတော့ အင်အားကြီးအဖွဲ့အစည်းတွေထဲမှာ တစ်ခုအပါအဝင်ပေါ့နော်။ ခေတ်အဆက်ဆက်မှာ ကျုပ်တို့ပြောခဲ့ကြတယ် မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးသော Organization Community ဟာ သံဃာ့အဖွဲ့အစည်းရယ်၊ ကျောင်းသားရယ်၊ တပ်မတော်ရယ်ဆိုတဲ့အပိုင်းဟာ ဒါခေတ်အဆက်ဆက်မှာ အင်အားအကြီးဆုံးသော အဖွဲ့အစည်းတွေဘဲဖြစ်ပါတယ်။ ဦးဇင်းတို့ရဲ့ သံဃာ့ Community ဆိုတာကတော့ ဘုရားသားတော်တွေဖြစ်တဲ့အတွက် ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ဓမ္မဝိနယနဲ့အညီ နေထိုင်ကြရတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီလိုCovid-19 ဖြစ်တဲ့အခါမှာ ဘယ်တွေ Challenges တွေရှိသလဲဆိုတော့ ။
ပထမဦးဆုံးကတော့ စာသင်တိုက်ကြီးတွေရဲ့ အပိုင်းကဏ္ဍမှာ သံဃာတော်တွေအားလုံးကို ဒီCovid-19 ကူးစက်နိုင်တဲ့ အန္တရာယ်ကနေကာကွယ်ဖို့ဆိုပြီးတော့မှ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကြီးကလည်း လမ်းညွှန်ချက်ထွက်တဲ့ အတွက် စာသင်တိုက်က သံဃာတော်တွေကို ဒေသပြန်ခွင့်ပြုရတယ်ပေါ့နော် ဒါကတော့ ပထမဦးဆုံး Challenges ပေါ့။ နောက်နိုင်ငံတော်အစိုးရကနေ တရားဝင်လုပ်နေတဲ့ ပထမပြန်စာမေးပွဲတွေ၊ ဓမ္မာစရိယစာမေးပွဲတွေကို ရပ်ဆိုင်းလိုက်ရပြီးတော့မှ စာမေးပွဲတွေ ရပ်တန့်သွားတဲ့ Challenges တစ်ခုပေါ့နော်။ အဲ့လို Challenges တွေနဲ့အတူ သံဃာတော်တွေ နေရပ်ပြန်ရတဲ့အခါကာလတွေမှာ ဒီသံဃာ့ Community ထဲမှာ ရှိကြတဲ့ သွားနေတဲ့ လုပ်ငန်းစဉ်တွေ ရပ်တန့်သွားတယ်ဆိုတာ ဒါကတော့ ပထမ Challenges ပေါ့။
ဒုတိယ Challenges ကတော့ ဒကာတော်မေးတဲ့ ဒီCovid-19 ကပ်ရောဂါကြီးဖြစ်တဲ့အတွက် တချို့တချို့သောဒေသတွေမှာ လူတွေလူတွေက ဒါတွေကို ကြောက်ရွံ့လာကြတဲ့အတွက် ဘုန်းကြီးကျောင်းတွေ ဘာသာရေးအခမ်းအနားတွေကို ရပ်တန့်လိုက်တာတွေရှိတယ် ပေါ့နော်။ ဒီလိုအလာသဏ္ဌာန်တူ ဒုတိယကမ္ဘာစစ်ကာလမတိုင်ခင်နဲ့ ကိုလိုနီခေတ်ကာလတွေမှာလဲ မြန်မာပြည်မှာ ဒီလိုကပ်ရောဂါမျိုးတွေ ဥပမာ-ကာလဝမ်းရောဂါတို့ ပလိပ်ရောဂါတို့ အစရှိတဲ့ ရောဂါမျိုးတွေဖြစ်ခဲ့ဖူးတဲ့အချိန်မှာ လယ်တီဆရာတော်ဘုရားကြီးတို့က တစ်တိုင်းပြည်လုံးကို မေတ္တာရှေ့ထားပြီး ပရိတ်တွေရွတ်ဖတ်ပြီးတော့မှ ဆောင်ရွက်ခဲ့ကြတာတွေလဲရှိတယ်ပေါ့နော်။ ယနေ့မျက်မှောက်ခေတ် Covid-19 ကပ်ရောဂါကြီးဖြစ်ချိန်မှာတော့ မြန်မာနိုင်ငံအတောအတွင်းမှာရှိတဲ့ ကျောင်းတွေက ဘုရားပုထိုးတွေ စေတီတွေပါမကျန် အားလုံးကို လူတွေ ဘာသာရေးအခမ်းအနားတွေ ဝင်ရောက်ဆောင်ရွက်ခွင့်ကို နိုင်ငံတော်အစိုးရကလဲ ဒါဒေသန္တရအမိန့်ဆိုပြီးမှ ပိတ်လိုက်တယ်ပေါ့နော်။
ပိတ်လိုက်တဲ့အတွက် ကျောင်းတွေမှာ လူတွေအဝင်အထွက်သိပ်မရှိဘူး ဘုရားတွေမှာလဲ သွားကြလာကြတာမရှိဘူးပေါ့။ ဒါကတော့ ကာကွယ်ရေးအတွက်ကောင်းတယ်လို့ မြင်ပေမယ့် ဘုန်းတော်ကြီးကျောင်း တော်တော်များများဟာပေါ့နော် ဒီဆွမ်းကွမ်း ဝေယျာဝစ္စ ကိစ္စတွေလဲ ခက်ခဲသွားတာကိုတွေ့ရတယ်ပေါ့။ ဥပမာပြောရရင် ကျုပ်တို့လို အင်အားကြီးပါတယ်ဆိုတဲ့ IBEC ကျောင်းတော်ကြီးမှာတောင်မှ ဒါဆွမ်းကွမ်း ဝေယျာဝစ္စ တွေ တချို့ကိစ္စတွေမှာ ခက်ခဲသွားတာတွေ ကျုပ်တို့တွေ့ရတယ်ပေါ့နော်။
အဲတော့ ဒါကတော့ Challenges ကို ပြောပြတာပါ အဲ့ဒီ Challenges တွေကနေပြီးတော့မှ ဘယ်လို Overcome လုပ်ကြသလဲဆိုတဲ့အခါကျတော့ သံဃာဆိုတာ ရောင့်ရဲတင်းတိမ်ရတယ် ခြိုးခြံချွေတာရတယ် ရှိတာနဲ့မျှတရတဲ့အတွက် ဒီအစားအသောက်နဲ့ ပတ်သက်လို့ကတော့ ကျုပ်တို့တတွေက ရဟန်းသံဃာတွေဘက်အပိုင်းမှာ ဒါကအရေးကြီးတဲ့ ကိစ္စကြီးတစ်ခုလို့ မသတ်မှတ်ကြဘဲနဲ့ ကိုယ့်တိုင်းသူပြည်သားတွေရဲ့အရေးမှာ ကိုယ်တတ်စွမ်းသမျှ ပေးကမ်းထောက်ပံ့တဲ့ အပိုင်းကဏ္ဍတွေကို ဘုန်းကြီးကျောင်းတွေကလုပ်တယ်။
နောက် Community Service အဖြစ်နဲ့ ဥပမာဆိုကြပါစို့ပေါ့ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒတို့ဆိုရင် ရန်ကုန် သူ့ရဲ့ဓမ္မဒူတကျောင်းတော်ကြီးကနေပြီးတော့မှ ဒီနိုင်ငံခြားကနေပြန်လာသော စောင့်ကြည့်ရမယ့် Covid-19 သံသယရှိလူနာမြောက်များစွာကို အင်တိုက်အားတိုက်နဲ့ ဆောင်ရွက်ပေးတာပေါ့နော်။ ဒါက သံဃာ့အဖွဲ့အစည်းရဲ့ လူထုအပေါ်မှာ အစိုးရအပေါ်မှာ ပံ့ပိုးကူညီပေးတဲ့ အပိုင်းတွေပေါ့နော်။
သံဃာတော်တွေဆိုတာ ခေတ်အဆက်ဆက်မှာ ဒီတိုင်းပြည်နိုင်ငံရဲ့ အစိုးရနဲ့လူထုအပေါ်မှာ ဘယ်လိုအချိန်မှာဘဲဖြစ်ဖြစ် ကျဉ်းထဲကျပ်ထဲမှာဆို ဝိုင်းဝန်းပြီးတော့မှ ဝန်းရံပေးကြတယ် ဥပမာ သီတဂူဆရာတော်ဘုရားကြီးတို့ ရခိုင်ပြည်နယ်မှာ စစ်ဘေးကြောင့် ဒုက္ခရောက်နေမယ့်ပုဂ္ဂိုလ်တွေ Covid-19 ကာလအတောအတွင်းမှာ ထောက်ပံ့ရေးတွေသွားပြီးတော့မှ ကူညီတာတွေရှိတယ် ဒီ Community ကိုဝိုင်းဝန်းပြီးတော့မှ ဆောင်ရွက်ပေးတဲ့အပိုင်းတွေ နောက်ပြီးတော့ သက်ဆိုင်တဲ့ဆေးရုံတွေ တစ်တိုင်းပြည်လုံးမှာ ရှိတဲ့ သီတဂူနဲ့ပတ်သက်တဲ့ဆေးရုံပေါင်း(၄ဝ)ကျော်မှာ ဒီ Covid-19 နဲ့ပတ်သက်ပြီး စောင့်ကြည့်ရမယ့် လူနာတွေခွင့်ပြုလိုက်တယ်ပေါ့ ဥပမာ ဦးဇင်းရဲ့ ကျွန်းလှမြို့မှာဆိုလို့ရှိရင်လည်း (ကျွန်းလှ) သီတဂူစက္ခုဒါနဆေးရုံမှာလည်း နေရပ်ပြန် Covid-19 စောင့်ကြည့်ရမယ့် သံသယလူနာတွေ ထားရှိဖို့အတွက် ဦးဇင်းတို့အနေနဲ့ခွင့်ပြုပြီးတော့ Community Service အဖြစ်နဲ့ ဦးဇင်းတို့ဆောင်ရွက်ပေးကြတာတွေ ရှိတယ်ပေါ့နော်။
အဲ့တော့ ခေတ်အဆက်ဆက်မှာ ရဟန်းသံဃာတော်တွေရဲ့အပိုင်းဟာ တိုင်းပြည်မှာ အကျပ်အတည်းကြုံလာပြီဆိုလို့ ရှိရင် လက်တွေ့ဆောင်ရွက်မှုအနေနဲ့ ကာယကံနည်းကနေဆောင်ရွက်ပေးတယ်၊ Spiritual နည်းကနေ ဘယ်လိုဆောင်ရွက်ပေးလဲဆိုတော့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ ရဟန်းသံဃာတော်တွေက သူတို့ရဲ့ Spiritual Power တွေနဲ့ ပရိတ်ပဌာန်းတွေ ရွတ်ဖတ်ပေးကြခြင်း မေတ္တာဘာဝနာပွားများခြင်းကအစပေါ့နော်။
အဲ့ဒါတွေကတော့ တစ်တိုင်းပြည်လုံးမှာ ကျုပ်တို့ရဲ့ ရဟန်းသံဃာတော်တွေလုပ်နေကြတာပေါ့နော် ဒါကလည်း ဘာ့ကြောင့်လဲဆိုတော့ ဒီReference ကလည်း ဗုဒ္ဓလက်ထက်တော်ကာလက ဝေသာလီပြည်မှာ ကပ်ရောဂါဘေးကြီး ဖမ်းစားတဲ့အချိန်မှာ ညီတော်အာနန္ဒာတို့ကိုယ်တိုင် ဝေသာလီရဲ့တံတိုင်းသုံးထပ်ကို ပတ်ရံပြီးတော့မှ ဒီရတနာ့သုတ်ပရိတ်တွေ ရွတ်ဖတ်ပြီးတော့မှ တိုင်းပြည်ရဲ့ကပ်ရောဂါဘေးတွေကနေ ကာကွယ်ပေးတဲ့ Spiritual Power အနေနဲ့ဆောင်ရွက်ခဲ့ကြတာရှိတော့ တစ်တိုင်းပြည်လုံးမှာ တောရောမြို့ပါမကျန် ပရိတ်တွေရွတ်ဖတ်ပေးတယ် ကမဝါတွေရွတ်ဖတ်ပေးတယ် မေတ္တာတွေပို့ပေးနေကြတာဟာလဲ ဒီCovid-19 ကို Overcome လုပ်ကြတဲ့နေရာမှာ Spiritual ပိုင်းက အထောက်အကူဖြစ်ပါတယ်လို့ ဦးဇင်းအနေအထားနဲ့ ပထမမေးခွန်းကို ဖြေပါရစေ ဒကာတော်ရေ။

ကိုနေထွန်းနိုင်(ISP Myanmar) - တင်ပါ့ဘုရား ဒီCommunity Service ကို ဆရာတော်တို့လို ရဟန်းသံဃာတွေက ကူညီပေးနေတာကို ကြားသိရတာ သာဓုခေါ်စရာပါဘုရား။ တချိန်တည်းမှာဘဲပေါ့ ဦးဇင်းတို့ သံဃာတွေကြားထဲမှာလဲ တချို့အဆင်မပြေတဲ့ကျောင်းတွေရှိတယ်ပေါ့နော် အဲ့ဒီရဟန်းတော်တွေအပေါ်မှာ သံဃာ့အဖွဲ့အစည်းတွေက စနစ်တကျ အဖွဲ့တွေဖွဲ့ပြီးတော့ ကူညီထောက်ပံ့တာမျိုးတွေရော ရှိပါသလားဘုရား။
IBEC ဆရာတော် - အခုလောလောဆယ်အနေအထားကတော့ ဒကာကြီးရေ ဦးဇင်းတို့ ဒီသံဃာ့အဖွဲ့အစည်းအဆင့်ဆင့်မှာ သာသနာ့နုဂ္ဂဟအဖွဲ့အစည်းတစ်ခုကတော့ သက်ဆိုင်တဲ့ကျောင်းတွေမှာ ဆွမ်းကွမ်းဝေယျာဝစ္စတွေ အခက်အခဲဖြစ်ရင် ထောက်ပံ့ကူညီဖို့ဆိုပြီးတော့ လျှောက်ထားကြတော့ အသံကြားရတယ်ပေါ့နော် ။ ဒါပေမယ့် လောလောဆယ် ဒီနေ့အချိန်ကာလမျက်မှောက်ထိအောင်ကတော့ တော်တော်များများကျောင်းတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ်ဘဲ ရပ်တည်နေကြရတာပါ။
နိုင်ငံတော်အစိုးရဘက်ကလည်း တချို့ဟာက သူတို့ ဆောင်ရွက်ပေးနိုင်တဲ့အားမရှိသေးဘူး ဒကာဒကာမတွေဘက်အပိုင်းကလည်း သူတို့တတ်နိုင်သလောက်ဘဲ အဝေးရောက် (Donation) လုပ်ကြတာလေး တွေတော့ ရှိကြတယ်ပေါ့နော်။ အဲ့တော့ သံဃာ့ Community မှာတော့ အရင်ကထက်စာရင် ရပ်တည်ရေးပိုပြီးတော့ ခက်ခဲသွားတယ်လို့ ဦးဇင်းဒီလိုမြင်ပါတယ်။
ကိုနေထွန်းနိုင်(ISP Myanmar) - တင်ပါ့ဘုရား တင်ပါ။ နောက်တစ်ပိုင်းကတော့ အရှင်ဘုရား အခုလောလောဆယ်မှာ ဒီကပ်ရောဂါနဲ့ပတ်သက်ပြီး ကမ္ဘာနဲ့ချီပြီးဖြစ်တဲ့ကပ်ရောဂါကို တပည့်တော်တို့ မြန်မာနိုင်ငံကလည်း ရင်ဆိုင်ဖြေရှင်းဖို့လုပ်နေကြတယ် တကယ်လဲ ရင်ဆိုင်ဖြေရှင်းနေကြပါတယ်ဘုရား။ သံဃာတော်တစ်ပါးရဲ့ရှုမြင်မှုနဲ့ ဘာတွေကို ဘယ်လိုလုပ်ရင် ပိုကောင်းလာနိုင်မယ်လို့ မြင်မိပါသလဲ အရှင်ဘုရား။
IBEC ဆရာတော် - ဒကာကြီးမေးခွန်းက အင်မတန်မှလည်း စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်း ဒါတွေက ပညာရှင်တွေမှ ဖြေနိုင်မှာဗျ ကျုပ်လို Global တောသားက သိပ်ပြီးဒါတွေကို မကျွမ်းကျင်တော့ ဒါပေမယ့် သိသလောက်လေးတော့ ပြောပြရမှာပေါ့လေ။ လက်ရှိ Covid-19 ကာလဟာ ဒါက ပြန်ပြီးသုံးသပ်ရမယ်ဆိုလို့ရှိရင် Covid-19 ရောဂါသည် မြန်မာနိုင်ငံနှင့် Boder line ဖြစ်တဲ့ တရုတ်ပြည်ကနေစပြီးတော့မှ မြစ်ဖျားခံခဲ့တာပေါ့ဗျာနော်။
(၂ဝ၁၉)ခုနှစ် နိုဝင်ဘာ/ဒီဇင်ဘာလလောက်ကတည်းက တရုတ်ပြည်မှာ ဒီရောဂါပိုး စဖြစ်နေတာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာပြည်ဟာ ဘယ်လိုမှ ဒီရောဂါပိုး မပျံ့နှံ့စရာ အကြောင်းမရှိဘူး ဦးဇင်းတို့က အစကတည်းကသုံးသပ်မိပါတယ်။ အဲ့တော့ အဲ့ဒီအတွက် လူတွေဟာ ဒီရောဂါပိုးတွေနဲ့ပတ်သက်လို့ ဒါဟာကမ္ဘာ့ကပ်ရောဂါဖြစ်တယ်ဆိုတာ ဥရောပတို့ အမေရိကတို့ တစ်ကမ္ဘာလုံးကိုပျံ့လွင့်ပြီးတော့မှ စိုးရိမ်ရေမှတ်ရောက်လာတဲ့အချိန်ကျမှ မြန်မာနိုင်ငံရဲ့ ဒီCovid-19 ဟာ အန္တရာယ်ရှိတယ်လို့ နိုင်ငံတော်အစိုးရက ကြပ်မတ်ပြီးပြောလာတာရှိတယ်ပေါ့နော်။
အဲ့ဒါသည် နိုင်ငံကြီးတစ်နိုင်ငံ ဖွံဖြိုးတိုးတက်တဲ့နိုင်ငံတွေနဲ့တော့ နှိုင်းယှဉ်ပြီးပြောတာမဟုတ်ဘူးပေါ့နော်။ ဒီလို ကပ်ရောဂါစဖြစ်တဲ့ နိုင်ငံကြီး တစ်နိုင်ငံရဲ့ဘေးမှာနေထိုင်တဲ့ နိုင်ငံငယ်လေးတစ်နိုင်ငံဟာ ဆင်းရဲနွမ်းပါးပေမယ့် ၊ ဆင်းရဲနွမ်းပါးတာနဲ့ ဒီမိုကရေစီမဖွံဖြိုးသေးတာကို အကြောင်းပြပြီးတော့မှ တကယ်ဆို နိုင်ငံသူနိုင်ငံသားတွေကို ကြိုတင်ပြီး အသိပညာတွေပေးရမယ့်အပိုင်းတွေကို မပေးခဲ့တဲ့အားနည်းချက်တစ်ခုကို ဦးဇင်းတို့ဒါတွေ့ရတယ်ပေါ့နော်။
အဲ့ဒါတွေ ဘာလို့ဖြစ်ရသလဲဆိုတော့ နိုင်ငံတစ်ခုရဲ့ National Planing ပေါ့ National Project က တိုင်းသူပြည်သားတွေရဲ့အရေးကို ကြည့်မယ်ဆိုလို့ရှိရင် နိုင်ငံကိုဦးဆောင်ဦးရွက်ပြုကြတဲ့ပုဂ္ဂိုလ်တွေက ဒီလိုဟာမျိုးကိုလဲ အင်မတန်မှ အရေးကြီးတယ်လို့ ညဏ်ကြီးကြီးမျက်စိကြီးကြီးနဲ့ နိုင်ငံတော်အကြီးအကဲတွေက မြင်ဖို့လိုတာပေါ့နော်။
အဲ့ဒီလို မမြင်ခဲ့တဲ့အတွက် Positive တွေတော်တော်များများတွေ့လာရတယ် ရာခိုင်နှုန်းနဲ့တွက်ရင်တော့ ကျုပ်တို့တိုင်းပြည်က အရှေ့တောင်အာရှမှာ အများဆုံးအနေထားလောက်ကို ရောက်လာတာဟာ တနည်းအားဖြင့်ပြောရရင်တော့ တိုင်းပြည်မှာရှိကြတဲ့ ဒီစီမံခန့်ခွဲမှုထိပ်သီးမှာရှိကြတဲ့ ပုဂ္ဂိုလ်တွေက တချို့အရာလေးတွေမှာ နိုင်ငံရေးလောက်ကိုဘဲ ဦးဆောင်ပြီးတော့မှ နိုင်ငံရဲ့အရေးအရာကိစ္စတွေမှာ မကျွမ်းကျင်ဘူးလို့ ဦးဇင်းကတော့ ဒါလေ့လာသုံးသပ်တဲ့အပိုင်းပေါ့နော်။
အဲ့ဒီအပိုင်းတွေကတော့ ထားလိုက်တော့ လက်ရှိအတိုင်းအတာကို ဘယ်လိုကောင်းအောင်သွားမလဲဆိုတဲ့အခါမှာ တိုင်းပြည်အတောအတွင်းမှာရှိကြတဲ့ နိုင်ငံတော်အကြီးအကဲတွေ ပြည်သူတွေ နောက်ရဟန်းသံဃာတွေ Spiritual ပိုင်းကပုဂ္ဂိုလ်တွေအားလုံးက ဝန်းရံပြီးတော့မှ ဒါကြီးကို ဝိုင်းဝန်းပြီးတော့မှ ကာကွယ်နေကြတဲ့၊ ဝိုင်းဝန်းပြီးတော့မှ စောင့်လျှောက်နေကြတဲ့အတွက် ကျုပ်တို့တိုင်းပြည်မှာက တခြားတိုင်းပြည်တွေနဲ့မတူညီတဲ့ ခွန်အားတွေရှိတယ်။ ဥပမာ အမေရိကန်တို့ EUတို့လိုနိုင်ငံမျိုးတွေ ၊ ဂျပန်တို့ ကိုရီယားတို့လိုနိုင်ငံမျိုးတွေဆိုရင် အေမင်းတို့အစိုးရဘဲလုပ် ငါတို့ပြည်သူတွေနဲ့ မဆိုင်ဘူးလို့တွေးမှာပေါ့နော်။
ဒါပေမယ့် ကျုပ်တို့မြန်မာပြည်မှာ ဘာအားသာလဲဆိုတော့ မြန်မာလူမျိုးတွေက နဂိုကတည်းက ပေးချင်တယ်ကမ်းချင်တယ် ထောက်ပံ့ချင်တယ် အဲ့ဒီလိုမေတ္တာတရားတွေ ဂရုဏာတရားတွေကို အခြေခံတဲ့လူမျိုးဖြစ်တဲ့အတွက် ဦးဇင်းတို့ ဒီနေ့အချိန်မှာ ဒီCovid-19 ကို ကြံ့ကြံ့ခံနိုင်ပြီးတော့မှ အခုအားလုံး တစ်တိုင်းပြည်လုံးက ပူးပေါင်းပါဝင်နေကြတာ အဲ့ဒီအကျိုးသက်ရောက်မှုပါဘဲ ။
Community တွေကို ဦးဇင်းတို့တိုင်းပြည်တွင်းမှာ ကြည့်တဲ့အခါမှာ ဒီဟာကအားသာချက်လို့တွေးလို့ရတယ် ဒါပေမယ့် အဲ့ဒီအားသာချက်သည် ဘယ်လိုအားသာချက်လဲဆိုတော့ လူထုရဲ့ပူးပေါင်းပါဝင်မှု Cooperation က အားသာချက်ဖြစ်ပြီးတော့မှ တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းနေကြတဲ့ ဒေသန္တရအမိန့်တွေ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ တစ်လွဲစီမံခန့်ခွဲနေကြတာကိုလဲ မျက်ဝါးထင်ထင် တွေ့နေရတယ်နော် ဒကာကြီး။
အဲ့ဒီတလွဲဆံပင်ကောင်းပြီးတော့မှ စီမံခန့်ခွဲနေကြတဲ့ ဒေသန္တရအမိန့်တွေနဲ့ ညွှန်ကြားချက်တွေကို နိုင်ငံတော်က နည်းမှန်ကမ်းမှန် ဒေသရဲ့အခြေအနေကိုကြည့်ပြီးတော့ မျက်စိကြီးကြီး အမျှော်အမြင်ကြီးကြီးနဲ့ စီမံခန့်ခွဲပြီးတော့မှ ထိန်းကျောင်းပေးမယ်ဆိုရင်တော့ ဒါအားသားချက်ကိုပြောင်းလို့ရတယ်လို့ ဦးဇင်းမြင်မိပါတယ် ဒကာတော်ရေ။ ""


ကိုနေထွန်းနိုင်(ISP Myanmar) - တင်ပါ့ဘုရား ပြည့်စုံပါပြီ ဘုရား။ တပည့်တော်နောက်ဆုံး မေးလိုတဲ့မေးခွန်းကတော့ အဓိက အကြောင်းအရာလို့လဲ ပြောလို့ရပါတယ်ဘုရား။ အထူးသဖြင့်တော့ တပည့်တော်တို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တုံ့ပြန်အဖြေရှာမှု ပေါ့။
အဲ့ဒါကိုကြည့်မယ်ဆိုလို့ရှိရင် ဘာသာတရားတိုင်းမှာတော့ အဆုံးအမရှိတယ်ပေါ့ဘုရား။
အခုလိုအချိန်မျိုးမှာ တစ်ယောက်နဲ့တစ်ယောက်ကွဲပြားနေတာ ခွဲခြားနေတာမဟုတ်ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြည်ရင်းနှီးစွာနဲ့ ညီညွတ်မှုရှိကြဖို့လိုအပ်မှာလဲဖြစ်ပါတယ်ဘုရား။ တကယ်လို့ လူလူချင်းကျောချင်းကပ်လို့ မရရင်တောင် စိတ်နှလုံးသားချင်းကျောချင်းကပ်ထားလို့ရစေဖို့အတွက် ဘယ်လိုအဆုံးအမမျိုးက တစ်ယောက်နဲ့တစ်ယောက် နှလုံးသားချင်းစိတ်ချင်းကျောကပ်စေနိုင်မလဲ ဆိုတာ အရှင်ဘုရားရဲ့ အမြင်လေးမိန့်ကြားပေးပါဘုရား။
IBEC ဆရာတော် - ဒါကတော့ ဒကာရေ အင်မတန်မှကောင်းတဲ့ Spiritual Point of Question ပါဘဲနော်။ ဗုဒ္ဓရဲ့ ဓမ္မမှာတော့ ဦးဇင်းတို့က လူသားတွေအချင်းချင်းကို တစ်ယောက်နဲ့တစ်ယောက် မေတ္တာနှလုံးသားတွေနဲ့ မေတ္တာသုတ်မှာဘဲ ကြည့်လိုက် “မာတာရဌံနိရံပုတ္တံ မာယုတာဧကပုတ္တနုရက္ခေ” ဆိုတဲ့ ပါဠိတော်လေးရှိတယ် “အမေသည် ကိုယ့်ရဲ့ သားသမီးကို ချစ်သကဲ့သို့ သတ္တဝါတွေအပေါ်မှာ လူသားတွေအပေါ်မှာ တန်းတူချစ်မြတ်နိုးနိုင်တဲ့ စိတ်နှလုံးသားရှိရမယ်တဲ့” ဒါမေတ္တာသုတ်မှာ တော်တော်များများလဲ သိကြပါတယ်။
အဲ့တော့ အခုချိန်ကာလမျိုးမှာ တိုင်းသူပြည်သားတွေ ညီညွတ်ကြတယ်ဆိုပေမယ့် တကယ်တမ်းညီညွတ်ချင်ယောင်လေးဆောင်ကြတာ ဒကာကြီးရေ တကယ်မညီညွတ်ပါဘူး။ တကယ်ညီညွတ်ဖို့ရန်အတွက် မြန်မာနိုင်ငံအတောအတွင်းမှာရှိကြတဲ့ လက်ရှိတိုင်းပြည်အုပ်ချုပ်ကြတဲ့ နိုင်ငံတော်အစိုးရ Cabinet ဝင် ဝန်ကြီးတွေအပါအဝင် နိုင်ငံတော်အကြီးအကဲတွေ၊ မြန်မာ့တပ်မတော် ၊ ရဟန်းသံဃာတော်တွေ၊ ပြည်သူပြည်သားတွေက အတိတ်တွေအနာဂတ်တွေ အဖြူတွေအစိမ်းတွေကို ခဝါချ Covid-19 ကိုသာလျင် ငါတို့ပူးပေါင်းပြီးကာကွယ်ကြမယ်။
တို့တိုင်းသူပြည်သားတွေရဲ့ ဆင်းရဲဒုက္ခတွေကို ငါတို့ဝိုင်းပြီးတော့မှ ညီညီညွတ်ညွတ်နဲ့ဖြတ်သန်းကြမယ် အဲ့တော့ အမေသည် သားကိုချစ်သကဲ့သို့ တစ်တိုင်းပြည်လုံးမှာရှိကြတဲ့ တိုင်းသူပြည်သားအားလုံး တိုင်းရင်းသားညီအကိုမောင်နှမတွေအားလုံးဟာ တို့တစ်အိမ်ထဲမှာမွေးဖွားခဲ့တဲ့ ညီအကိုမောင်နှမတွေ ဒါကြောင့် အမေနဲ့အဖေဟာ သားသမီးကို ချစ်သလို ဒီတိုင်းရင်းသားညီအကိုမောင်နှမတွေက ငါတို့ရဲ့သွေးချင်းတွေဖြစ်လို့ လူချင်းသာလျှင် (၆)ပေ (၃)ပေခွာပြီးတော့မှ နေကြမယ် နှလုံးသားချင်းကတော့ ထပ်တူကျတဲ့စိတ်နှလုံးသားတွေနဲ့ ရင်ဆိုင်ဖြတ်သန်းကြမယ်ဆိုရင် ဒကာကြီးပြောတဲ့ Spiritual Point of View ကနေပြီးတော့မှ ကျုပ်တို့ ဗုဒ္ဓရဲ့မေတ္တာတရားနဲ့ လျှောက်လှမ်းမယ်ဆိုရင်တော့ ဒကာကြီး၊ အားလုံးညီညွတ်မျှတပြီးတော့မှ ငြိမ်းသက်ငြိမ်းချမ်းပြီးတော့မှ Covid-19 ရန်ကို ဘေးမတန်းကာကွယ်နိုင်တဲ့ တိုင်းပြည်ဖြစ်ပါတယ်လို့ ဦးဇင်းဖြေကြားပါရစေ။
ကိုနေထွန်းနိုင်(ISP Myanmar) - တင်ပါ့ဘုရား အရမ်းပြည့်စုံပြီးတော့မှ ရှုထောင့်ပေါင်းစုံကနေမိန့်ကြားပေးတဲ့အတွက် ကျေးဇူးပါဘုရား။ မှန်ပါ့ဘုရား ဒီလောက်ဆိုတပည့်တော်အတွက်လုံလောက်ပါပြီဘုရား။ တပည့်တော်တို့ လာမယ့် (၁၅)ရက်နေ့တော့ ထွက်ပါမယ်ဘုရား။ တပည့်တော် online ပေါ်လဲတင်ပေးပါ့မယ်ဘုရား။
IBEC ဆရာတော် - ဟုတ်ကဲ့ဒကာကြီး ဦးဇင်းကို စာမူတောင်းတာမရေးအားလို့ အင်တာဘဲဗျူးပါလို့ပြောလိုက်တာ။ အင်တာဗျူပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။ ဒါက ဦးဇင်းပြောတာက သံဃာအားလုံးရဲ့ကိုယ်စားတော့လဲ မဟုတ်ပါဘူး ဦးဇင်းရဲ့ Personal Point of View ကနေဖြေကြားခြင်းဖြစ်ပါတယ် ဒကာတော်ရေ။ ""





Website link >>>
Youtube link >>>

1 comment:

Covid-19 ရောဂါကူးစက်မှု မြင့်တက်လျက်ရှိသောမြန်မာနိုင်ငံ အခြေအနေအပေါ် ISP Myanmar နှင့် ဂလိုဘယ် ငြိမ်းချမ်းရေးခရီးသည်တို့၏ သုံးသပ်ချက် ...